Search This Blog

Thursday, January 19, 2012

ဆင့်ကဲဖြစ်စဉ် သီအိုရီနဲ့ ပတ်သက်လို့ အထင်အမြင်လွဲမှားမှုများ



ဆင့်ကဲဖြစ်စဉ် သီအိုရီနဲ့ ပတ်သက်လို့ အထင်အမြင်လွဲမှားမှုများ

လူအများဟာ ဆင့်ကဲဖြစ်စဉ် သီအိုရီနဲ့ ပတ်သက်လို့ အယူအဆအလွဲများ ရှိနေတာ တွေ့ ရပါတယ်။ တစ်ချို့ဟာတွေကတော့ လေ့လာရင်းနဲ့ ချော်ထွက်သွားတဲ့ အလွဲလေးတွေသာဖြစ်ပေမယ့် တစ်ချို့ဟာတွေကတော့ သီအိုရီရဲ့ နဂိုအယူအဆကိုပင် ကာဆီးတဲ့ အလွဲတွေ ဖြစ်လာနိုင်ပါတယ်။




အလွဲ ၁ ။ ဆင့်ကဲဖြစ်စဉ် သီအိုရီဟာ ဇီဝသက်ရှိရဲ့ မူလအစကို ဖော်ပြတဲ့ သီအိုရီ ဖြစ်တယ်


ဆင့်ကဲဖြစ်စဉ် သီအိုရီဟာ ဇီဝသက်ရှိ စတင်ဖြစ်ပေါ်ပြီး ဘယ်လို ဆက်လက်ပြောင်းလဲသလဲဆိုတာကို လေ့လာတာဖြစ်တယ်။ သိပ္ပံပညာအနေနဲ့ သက်ရှိရဲ့မူလအစကို လေ့လာတာ မှန်ပါတယ်။ ဒါပေမယ့် ဒါဟာ ဆင့်ကဲဖြစ်စဉ် သီအိုရီရဲ့ အနှစ်သာရ မဟုတ်ပါဘူး။ သက်ရှိ ဇီဝဟာ ဒေဝတစ်ပါးက ဖန်ဆင်းသည်ဖြစ်စေ၊ အာကာသမှ ရောက်လာသည်ဖြစ်စေ၊ ပင်လယ်အောက်ကြမ်းပြင်က ချော်မီးတောင်ငယ်များမှ စသည် ဖြစ်စေ၊ စချင်သလို စနိုင်တယ်။ ဆင့်ကဲဖြစ်စဉ်ဟာ ဒီဖြစ်လာတဲ့ ဇီဝ ဘယ်လို ပြောင်းလဲသလဲ။ ဘယ်လို မျိုးစိတ်တွေဖြစ်လဲ။ ဘယ်လိုမျိုးခွဲသလဲ။ ဆိုတဲ့ နောက်ဆက်တွဲ ဖြစ်စဉ်တွေကို သာ ဦးစားပေးလေ့လာတာဖြစ်ပါတယ်။ 








အလွဲ ၂ ။ ‘ဆင့်ကဲဖြစ်စဉ် ဆိုတာ တိုးတက်ခြင်းလှေကားတစ်ခုကို တက်ရသလိုပါပဲ။ သက်ရှိတွေဟာ ဆင့်ကဲ တိုးတက်လာပါတယ်။’

သဘာဝရဲ့ ရွေးချယ်မှု နိယာမအရ သက်ရှိတွေဟာ သူတို့နဲ့ မလျော်ညီတဲ့ ပတ်ဝန်းကျင်မျိုးမှာ မျိုးသုဉ်းရတတ်တာ မှန်ပါတယ်။ ဒါပေမယ့် လျော်ညီလောက်အောင် ကောင်းနေရုံလေးပါပဲ။ ပိုကောင်းစရာ မလိုပါ။ ဥပမာအားဖြင့် ရေညှိ၊ အမီးဘား၊ မှို၊ ငါးမန်း၊ ပိုဟပ် စတဲ့ သက်ရှိတွေဟာ နှစ်သန်းချီကြာလာပေမယ့် ပြောင်းလဲခြင်း မရှိသလောက်ပါပဲ။ သူတို့ဟာ တိုးတက်မှုဆိုတဲ့ လှေကားပေါ် စီတန်းတက်နေကြတာ မဟုတ်ပါ။ စင်စစ်တော့ သူတို့ဟာ ခုချိန်ထိ ပေးထားတဲ့ သဘာဝပတ်ဝန်းကျင်မှာ ရှင်သန်မျိုးပွားနိုင်လောက်အောင် လိုက်လျောညီထွေ ရှိနေပြီး ဖြစ်ပါတယ်။ ပတ်ဝန်းကျင် အပြောင်းအလဲ များစွာရဲ့ ဒါဏ်ကို ခံနိုင်ရည်ရှိသွားကြပြီဖြစ်ပါတယ်။ တခြားမျိုးစုတွေကတော့ အချိန်နဲ့ အမျှ ပြောင်းလဲကောင်း ပြောင်းလဲနေပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ သက်ရှိတွေပိုမို ကောင်းမွန်လာတယ်လို့ မဆိုလိုပါ။ နောက်ဆုံးတော့ ဥတုရာသီတွေ ပြောင်းလဲ၊ မြစ်ကြောင်းတွေပြောင်း၊ ယှဉ်ပြိုင်သူအသစ်တွေ ကျူးကျော်လာနဲ့ လွန်ခဲ့တဲ့ အနှစ် တစ်သန်းက ပိုကောင်းပါတယ်ဆိုတာတွေဟာ အခု ကောင်းချင်မှကောင်းတော့မှာပါ။ ဒေသတစ်ခုမှာ ကောင်းတယ်ဆိုတိုင်း တခြား ဒေသမှာ ကောင်းချင်မှကောင်းမှာပါ။ ရေခဲဝက်ဝံများအနေနဲ့ ရေခဲဒေသမှာသာ ကောင်းပြီး အပူပိုင်းဒေသမှာဆို ပူလို့ လျှာတစ်လစ် ဖြစ်နေပါလိမ့်မယ်။ လိုက်လျောညီထွေ ရှိမှုဆိုတာ ပတ်ဝန်းကျင်အခြေအနေနဲ့ပဲ ဆိုင်ပြီး တိုးတက်မှုနဲ့ လားလား မဆိုင်ပါ။ 




အလွဲ ၃ ။ ‘ဆင့်ကဲဖြစ်စဉ်ဟာ အမြဲတမ်း အံစာပစ်သလို ကံဖြစ်ချင်သလို ဖြစ်တယ်။’


ကံတရားဆိုတာ ဆင့်ကဲဖြစ်စဉ်ရဲ့ အကြောင်းရင်းခံ တစ်ခုသာသာပါ။ ကြုံရာကျပန်းမဖြစ်တဲ့ ဆင့်ကဲဖြစ်စဉ် အပိုင်းတွေလည်း ရှိပါတယ်။ ဗီဇအသစ်တွေ၊ သက်ရှိတွေကြား ကွဲပြာချက်တွေ ဖြစ်လာတာဟာ ကျပန်းသဘော ဖြစ်ချင်တိုင်းဖြစ်တာပါ။ ဒါပေမယ့် သဘာဝရဲ့ ရွေးချယ်မှု ဖြစ်စဉ်ကတော့ ဖြစ်ချင်တိုင်း ဖြစ်တာ မဟုတ်ပါ။
ဥပမာဆိုရရင် ငါးတွေ၊ ရေနေတွားသွားသတ္တဝါတွေ၊ ရေနေနို့တိုက်သတ္တဝါတွေရဲ့ ကိုယ်သဏ္ဍာန်ဟာ ခပ်သွယ်သွယ်ရှိတယ်။ သွယ်တဲ့ သဏ္ဍာန်က ရေထဲမှာ သွားရတာ ပိုလွယ်သကိုး။ သွယ်တဲ့ ကိုယ်ပုံသဏ္ဍာန်က သဘာဝအလျောက် ဖြစ်ချင်တိုင်းဖြစ်လာတဲ့ ပုံစံတွေထဲက တစ်ခု ဖြစ်ပေမယ့် ရေဆိုတဲ့ ပတ်ဝန်းကျင်မှာ သွယ်တဲ့ ခန္ဓာကိုယ်သဏ္ဍာန်ဟာ ပိုမို လိုက်လျောညီထွေ ရှိမယ်ဆိုတာက အမြဲ ဒီအတိုင်းပါပဲ။ ငါးဖြစ်စေ၊ လင်းပိုင်ဖြစ်စေ သွယ်တဲ့ခန္ဓာ ပိုင်ရှင်တွေက ရေကူးမြန်တာပဲလေ။ ပြောပြချင်တာကတော့ ဆင့်ကဲဖြစ်စဉ်ဆိုတာ အမြဲတမ်း ဖြစ်ချင်သလိုဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဖြစ်ချင်တိုင်း ဖြစ်လာတဲ့ ဂုဏ်သတ္တိတွေဟာ တိကျတဲ့ သဘာဝရဲ့ ရွေးချယ်မှုနဲ့ ဆက်ရပ်တည် သို့မဟုတ် ပျက်စီးရတယ်ဆိုတာပါပဲ။ ဆင့်ကဲဖြစ်စဉ်ဟာ အံစာပစ်သလို ကံဖြစ်ချင်သလို ဖြစ်တယ် ဆိုတာဟာ ဆင့်ကဲဖြစ်စဉ် သီအိုရီကို တစ်ပိုင်းဖြတ်လိုက်တာပါပဲ။
 


 



အလွဲ ၄ ။ ‘သက်ရှိဇီဝတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ‘ကြိုးစား’ ယူနေတယ်’ 


သဘာဝရဲ့ရွေးချယ်မှု ဖြစ်စဉ်နဲ့ လိုက်လျောညီထွေရှိမှုဟာ ဆက်စပ်ပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ ‘ကြိုးစား’ တာမပါဘူး။ သက်ရှိအုပ်စုတစ်ခုမှာ တစ်ကောင်နဲ့တစ်ကောင် မတူမယ့်အချက်တွေရှိနေမယ်။ ဒီအချက်တွေအရ သဘာဝက အလိုလို ရွေးချယ်သွားတယ်။ သက်ရှိတစ်ခုခုမှာ ရှင်သန်မျိုးပွားဖို့ ကောင်းမွန်တဲ့ ဂုဏ်သတ္တိတွေပေးမယ့် ဗီဇ ရှိချင်ရှိပါမယ်။ မရှိရင်တော့ ‘ကြိုးစား’ ယူရုံနဲ့ ရမလာပါဘူး။  
 

 

အလွဲ ၅ ။ ‘သဘာဝရဲ့ရွေးချယ်မှုဟာ သက်ရှိတွေ အလိုရှိနေတဲ့တာ ကို ပေးပါတယ်’


သဘာဝဆိုတာ အာရုံခံစားမှု မရှိပါဘူး။ စိတ်လည်း မရှိပါဘူး။ မျိုးစိတ်တစ်ခု ဘာလိုသလဲ သူက မသိနိုင်ပါဘူး။ သက်ရှိအုပ်စုတစ်ခုအတွင်းမှာ ပိုမိုကောင်းမွန် လိုက်လျောညီထွေတဲ့ ဗီဇကွဲပြားမှုတွေ ရှိနေပြီးရင် ဒီအုပ်စုဝင်သက်ရှိတွေဟာ မျိုးဆက်ကမ်းလှမ်းရှင်သန်နိုင်ကြဦးမှာပါ။ ဒီအုပ်စုကိုယ်တိုင်ဟာလည်း ဆက်လက်ဆင့်ကဲဖြစ်ပေါ်လာလိမ့်မယ်။ ဒါပေမယ့် အုပ်စုထဲမှာ ကောင်းမွန်တဲ့ ဗီဇကွဲလွဲမှုတွေ မရှိနေဘူးဆိုရင် အုပ်စုဟာ ဆက်လက် ရှင်သန်နေနိုင်ပေမယ့် ဆင့်ကဲဖြစ်ပေါ်မှာ မဟုတ်ပါဘူး။ နောက်ဆုံး မျိုးပါသုဉ်းသွားနိုင်ပါတယ်။ ဗီဇကွဲလွဲမှုတွေထဲက အလိုက်လျောဆုံးဟာက ဆက်ရှင်မယ်။ ဘယ်သူမှ မလိုက်လျောရင် အကုန် မျိုးသုဉ်းမယ်။ သဘာဝရဲ့ ရွေးချယ်မှုကနေ ပြီး ကဲ မင်းဘာ လိုသလဲ ရော့လို့ ပေးတာ မဟုတ်ပါဘူး။ 







အလွဲ ၆ ။ ‘ဆင့်ကဲဖြစ်စဉ်ဆိုတာ သီအိုရီ တစ်ခု သာသာပါ။ သူဟာသူတောင် မသေချာလှပါဘူး’


သိပ္ပံ မှာ သီအိုရီဆိုတာဟာ တွေ့ရှိရတဲ့အထောက်အထားတွေပေါ် အခြေခံပြီး၊ စမ်းသပ်မှုရလဒ်တွေကို အသင့်အတင့် ခန့်မှန်းနိုင်ပြီးတော့ အကြိမ်ကြိမ်လည်း စမ်းသပ် ခန့်မှန်း ချိန်ကိုက်ပြီးသား သဘာဝဖြစ်စဉ်တွေအပေါ် ရှင်းလင်းချက်တွေဖြစ်ပါတယ်။ အရပ်သုံးစကားမှာဆိုရင်တော့ သီအိုရီ ဆိုတာဟာ မှန်းဆချက်တစ်ခု၊ ခန့်မှန်းချက်တစ်ခု၊ စိတ်ကူးထားမှု တစ်ခု လို့ ဆိုလိုပါတယ်။ ဆင့်ကဲဖြစ်စဉ် သီအိုရီလို့ ဆိုလိုက်ရင် မလိုလားအပ်တဲ့ အဓိပ္ပာယ်ရောထွေးမှုတွေ ဖြစ်လာတတ်တယ်။




အလွဲ ၇ ။ ‘ဆင့်ကဲဖြစ်စဉ် သီအိုရီဟာ လွဲမှားနေကြောင်း တွေ့ရှိပြီး သိပ္ပံပညာရှင်တွေကိုယ်တိုင် လက်ခံမှု နည်းလာကြပြီ’


သိပ္ပံပညာရှင်တွေဟာ ဆင့်ကဲဖြစ်စဉ် ဖြစ်သလား မဖြစ်သလား မငြင်းပါဘူး။ ဆင့်ကဲဖြစ်စဉ် ဘယ်လိုဖြစ်သလဲဆိုတဲ့ ဆင့်ကဲဖြစ်စဉ် ယန္တရားတွေ အကြောင်းကိုတော့ အပြိုင်အဆိုင် ငြင်းခုန်တတ်ကြတယ်။ ဆင့်ကဲဖြစ်စဉ်ကို ဆန့်ကျင်တဲ့လူတွေက ဆင့်ကဲဖြစ်စဉ် ဘယ်လို ဖြစ်သလဲဆိုတဲ့ ငြင်းခုန်မှုတွေကို နားစွန်နားဖျားကြားပြီး ဟား ကြည့်စမ်း သိပံ္ပပညာရှင်တွေတောင် ဆင့်ကဲဖြစ်စဉ် သီအိုရီ ဖြစ်သလား မဖြစ်သလာ ပြန်ငြင်းကုန်ကြပြီလို့ လွဲမှားစွာ အဓိပ္ပာယ် ကောက်တတ်ကြတယ်။ ဆင့်ကဲဖြစ်စဉ်ဟာ သိပ္ပံနည်းကျပြီး သိပ္ပံပညာရှင်များရော တခြားပညာရှင်တွေကပါ သိပ္ပံသီအိုရီ တစ်ခုလို့ ကမ္ဘာတစ်ဝှမ်းမှာ လက်ခံထားတာပါ။







အလွဲ ၈ ။
ရုပ်ကြွင်းမှတ်တမ်းမှာ ကြားဆက်ပြတ် နေတဲ့နေရာတွေက ဆင့်ကဲဖြစ်စဉ် သီအိုရီ မှားကြောင်း ပြနေတယ်။


ကြားဆက်မျိုးစိတ်တွေရဲ့ ရုပ်ကြွင်းကို မတွေ့ရတာဟာ ဆင့်ကဲဖြစ်စဉ် မဖြစ်ဘူးလို့ ပြောလို့ မရပါဘူး။ ဆင့်ကဲဖြစ်စဉ် ဇီဝဗေဒပညာရှင်တွေဟာ ကြားဆက်မျိုးစိတ်တွေ ရှိနေရမယ်လို့လည်း မျှော်လင့် မထားခဲ့သလို တကယ်ရှိခဲ့တဲ့ ကြားဆက်မျိုးစိတ်ဟာလည်း ရုပ်ကြွင်းချန် မပစ်ခဲ့တာဖြစ်နိုင်ပါသေးတယ်။ ဇီဝသက်ရှိမျိုးစိတ်များစွာဟာ ရုပ်ကြွင်းချန်မထားခဲ့တတ်ပါ။ ရုပ်ကြွင်းဖြစ်နိုင်တဲ့ အခြေအနေကောင်းမျိုးလဲ ပေးမှ ရုပ်ကြွင်းတည်မှာပါ။ သိပ္ပံပညာရှင်တွေက ဆင့်ကဲဖြစ်စဉ်ရဲ့ အဆင့်များစွာအတွက် ကြားဆက်ပြတ်နေတာတွေ ရှိမှာပါ။ လူနဲ့ လူတူ ပရိုင်းမိတ်ကြားက အဆင့်ဆင့်ပြောင်းလဲလာသမျှ မျိုးစိတ်အသီးသီးရဲ့ ရုပ်ကြွင်းတိုင်းကို မတွေ့နိုင်ပါ။
ကြားဆက် မျိုးစိတ်တွေရဲ့ ရုပ်ကြွင်းတွေကို တကယ်တွေ့ရှိတာမျိုးရော ရှိသလား။ ရှိပါတယ်ခင်ဗျ။ ခုခေတ် ငှက်တွေနဲ့ သူတို့ ဘိုးဘေး ဒိုင်နိုဆော အရင့်အမာကြီးတွေ ရဲ့ ကြားဆက် ငှက်မွေးနဲ့ ဒိုင်နိုဆောတွေ တွေ့နိုင်ပါတယ်။ ခုခေတ် ရေနေဝေလငါးနဲ့ သူ့ဘိုးဘေး ကုန်းနေ နို့တိုက်သတ္တဝါတွေရဲ့ ကြားဆက် ရုပ်ကြွင်းတွေလည်း တွေ့နိုင်ပါတယ်။







အလွဲ ၉ ။ ‘ဆင့်ကဲဖြစ်စဉ်သီအိုရီဟာ မပြည့်စုံ၊ လောလောဆယ်မှာ ဇီဝအကြောင်း ပြည့်စုံစွာ မရှင်းပြနိုင်ပါ’

ဆင့်ကဲဖြစ်စဉ်သိပ္ပံဟာ ဆက်လက်တိုးတက်ပြောင်းလဲနေတဲ့ ပညာတစ်ရပ်ဖြစ်ပါတယ်။ တွေ့ရှိချက် အသစ်တွေရှိလာရင် ရှင်းပြချက်တွေကို အထောက်အထားတွေအရ လိုအပ်သလို ပြောင်းလဲ ပြင်ဆင်ရမှာပါပဲ။ ကျနော်တို့ဟာ ဆင့်ကဲဖြစ်စဉ်ယန္တရားကြီး ဘယ်လို လုပ်သလဲဆိုတာ အလုံးစုံ မသိပေမယ့် သက်ရှိဇီဝရဲ့ သမိုင်းကြောင်းကိုတော့ တော်တော် သိနေပါပြီ။ အချိန်နဲ့အမျှ သက်ရှိတွေ မျိုးခွဲသွားတဲ့ အဆင်သဏ္ဍာန် နဲ့ ဒီလိုပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို အကြမ်းဖျင်းသိနေပါပြီ။ နောက်အနာဂတ်မှာလည်း ဒီထက်ပိုသိလာဦးမှာပါ။ သက်ရှိဇီဝ ဘာလို့ အဲလို အမျိုးမျိုးအထွေထွေ (မျိုးစိတ်သန်းချီအောင်) ကွဲပြားနေရလဲဆိုတာကို ရှင်းပြနိုင်တဲ့ သီအိုရီဆိုလို သမိုင်းတစ်လျှောက် ဟောဒီ့ ဆင့်ကဲဖြစ်စဉ် သီအိုရီတစ်ခုပဲ ကောင်းကောင်းရှိပါသေးတယ်။ 







အလွဲ ၁ဝ ။ ‘ဆင့်ကဲဖြစ်စဉ် သီအိုရီက တကယ်တော့ အာပါလာကြီးပါ။ သိပ္ပံပညာရှင်တွေကတော့ ဝန်ခံမှာ မဟုတ်ပါဘူး’


ဖန်ဆင်းရှင်ဝါဒီတွေပြောတဲ့ ဆင့်ကဲဖြစ်စဉ်ရဲ့ ဟာကွက်ဟာကွက်ဆိုတာတွေကို သိပ္ပံပညာရှင်တွေ ပြန်ဆန်းစစ်တဲ့အခါမှာ သူတို့ပြောတဲ့ဟာကွက်ဆိုတာ တကယ်တော့ ဖန်ဆင်းရှင်ဝါဒီတွေ ဆင့်ကဲဖြစ်စဉ်သီအိုရီကို လွဲမှားစွာ နားလည်ထားကြလို့ဖြစ်လာတဲ့ အမြင်အလွဲတွေပါ။ သိပ္ပံပညာရှင်တွေဟာ ဆင့်ကဲဖြစ်စဉ် သီအိုရီကို ဆက်လက် ပြုပြင်မွမ်းမံနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ဒီ သီအိုရီကြီးက မှားနေတာ အာပါလာကြီးလို့ ပြောလို့ မရပါဘူး။ သိပ္ပံဆိုတာ ဘယ်တော့မှ မပြီးတဲ့ ပန်းချီကားတစ်ချပ်ပါ။ လှပြီးသားကို ကောင်းတာလေးတွေ ထပ်တွေ့လို့ ထပ်ချယ်သနေတာပါ။ ပညာဆိုတာ လေ့လာလို့ ကုန်သည် မရှိဆိုသလို သီအိုရီကို ထပ်ချယ်သတာလည်း ဘယ်တော့မှ ပြီးမှ မဟုတ်ပါ။ သိပ္ပံနယ်ပယ်ဟာ ဥာဏ်ကြီးရှင်တွေ အလွန် ယှဉ်ပြိုင်တတ်တဲ့ နယ်ပယ်ဖြစ်လို့ တကယ်လို့ တစ်ယောက်ယောက်က လုပ်ခဲ့တဲ့ အလွဲကို နောက်တစ်ယောက်က တွေ့ရင် ထောက်ပြဖို့ အတိုင်းထက်လွန်ပါပဲ။ 






အလွဲ ၁၁ ။ ‘ဆင့်ကဲဖြစ်စဉ်သီအိုရီဟာ စာရိတ္တဖောက်ပြားမှုကို အားပေးပါတယ်။ ကလေးတွေကို မင်းတို့ဟာ တိရစ္ဆာန်တွေပါပဲ လို့သင်ပေးထားရင် တိရစ္ဆာန်လို ကျင့်လိမ့်မယ်’


လူသားတွေဟာ တိရစ္ဆာန်လောကထဲက အုပ်စုဝင်တွေ ဖြစ်ပါတယ်။ ကျနော်တို့ဟာ ခန္ဓာဖွဲ့စည်းပုံအရရော၊ ဇီဝဓာတုဗေဒအရပါ တခြား တိရစ္ဆာန်တွေနဲ့ ဆက်နွယ်မှုရှိပါတယ်။ အဲလိုပဲ တခြား တိရစ္ဆာန်တွေနဲ့ ဝေမျှထားတဲ့ အပြုအမူ စရိုက်တွေလည်း ရှိပါတယ်။ ကလေးတွေကို ဂရုစိုက်တယ်။ အုပ်စုလိုက် အလုပ်လုပ်ကြတယ်။ ဒါမျိုးတွေပေါ့။ ဒါပေမယ့် တိရစ္ဆာန်တစ်မျိုးစီမှာ ထူးခြားတဲ့ အပြုအမူစရိုက် ကိုယ်စီ ရှိကြတယ်။ ဒီတော့ လူဆိုတာ လူလိုပဲ ကျင့်မှာပါ။ ပက်ကျိဟာ ပက်ကျိလို ပြုမူမှာပါ။ ရှဥ့်ဟာလည်း ရှဥ့်လိုပဲ ပြုမူမှာပါ။ အဲတော့ကာ ကလေးတွေဟာ ငါတို့လည်း တိရစ္ဆာန်တွေနဲ့ အမျိုးတော်တာပဲ လို့ သိသွားတာနဲ့ ရေခူတစ်ကောင်လို တွန့်လိမ်တွန့်လိမ် ဖြစ်နေမှာမဟုတ်ပါဘူး။ ခွေးတစ်ကောင်လို အမှိုက်ပုံထဲ ဝင်အိပ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆင့်ကဲဖြစ်စဉ်နဲ့ စာရိတ္တဖောက်ပြားမှုနဲ့ ဆက်စပ်ချင်တာ လုံးဝလုံးဝ အဓိပ္ပာယ် မရှိပါ။ စာရိတ္တ ဆိုတာ ဘာဖြစ်သလဲဆိုတာကို အခြေခံတာ မဟုတ်ပါဘူး။ ဘာဖြစ်သင့်သလဲ ဆိုတာကို အခြေခံတာပါ။





အလွဲ ၁၂ ။ ‘ဆင့်ကဲဖြစ်စဉ်ဟာ လူအချင်းချင်း ဖိနှိပ်တာကို ထောက်ခံပါတယ်’


၁၉ရာစုနဲ့ ၂ဝရာစုဦးပိုင်းမှာ လူမှုအဖွဲ့အစည်း အသုံးချ ဒါဝင်ဝါဒ (Social Darwinism) ဆိုတဲ့ ဒဿနအလွဲတစ်ခု ထွက်ပေါ်လာပါတယ်။ ဒီအယူအဆအရဆိုရင် ဇီဝဖြစ်စဉ်ဖြစ်တဲ့ ဆင့်ကဲဖြစ်စဉ်သဘောကို လူမှုအဖွဲ့အစည်းတွေမှာ အသုံးချဖို့ ကြိုးစားလာတာတွေ့ရတယ်။ ဒီ ရှုထောင့်အရဆိုရင် အားနည်းတဲ့လူ၊ ဇီဝသဘောအရ အသုံးမဝင်တော့တဲ့လူဆိုရင် ကျရှုံးသေဆုံးသင့်တယ်လို့ ဆိုလာတယ်။ ပြီးတော့ အဲဒါဟာ ကောင်းတဲ့ ပေါ်လစီ တစ်ခုဖြစ်ရုံမက စာရိတ္တပိုင်းဆိုင်ရာ ပါ မှန်ကန်တယ်လို့ ဆိုလာတယ်။ ဒီဝါဒက အဲခေတ်က ကိုလိုနီနယ်ချဲ့ခံရတဲ့ နိုင်ငံတွေ၊ ဆင်းရဲသားတွေ၊ ဖိနှိပ်ခံလူနည်းစုတွေဟာ သူတို့ အားနည်းလို့ ခံရတာ ခံကောင်းတယ်။ ဖိနှိပ်ကောင်းတယ်လို့ သွန်သင်လာတယ်။ ဒါက ဇီဝဗေဒရဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီ မဟုတ်ပါဘူး။ ဆင့်ကဲဖြစ်စဉ်သီအိုရီကို နိုင်ငံရေးနဲ့ လူနည်းစုကောင်းကျိုးသက်သက်အတွက် တလွဲ အသုံးချလိုက်တာ သက်သက်ဖြစ်တယ်။ လူမှုအဖွဲ့အစည်း အသုံးချ ဒါဝင်ဝါဒဟာ မှားကြောင်း သက်သေပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ဇီဝအသုံးချ ဒါဝင်ဝါဒ ဖြစ်တဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီကိုယ်တိုင်ကတော့ အခုတိုင်အောင် လက်ခံဆဲ မွမ်းမံဆဲ ခမ်းနားဆဲပါ။






အလွဲ ၁၃ ။
ဆင့်ကဲဖြစ်စဉ်နဲ့ ဘာသာရေးဟာ လုံးဝလုံးဝ မကိုက်ညီပါ

ဘာသာရေးနဲ့ သိပ္ပံသီအိုရီတစ်ခုဖြစ်တဲ့ ဆင့်ကဲဖြစ်စဉ်ဟာ အလွန်ခြားနားတဲ့ အရာတွေ ဖြစ်ပါတယ်။ သိပ္ပံဟာ သဘာဝအဖြစ်အပျက်တွေကို ရှင်းပြဖို့ သဘာဝအကြောင်းရင်းတွေကိုပဲ ပြန်သုံးပါတယ်။ ဘာသာရေးကတော့ သဘာဝလောကကို ကျော်လွန်တဲ့ ယုံကြည်ချက်တွေနဲ့ ဆက်နွယ်နေတယ်။

ဘာသာရေးနဲ့ သိပ္ပံထဲက တစ်ခုပဲ ရွေးရမယ်ဆိုတာ လွဲမှားနေပါတယ်။ တချို့ဘာသာရေးယုံကြည်ချက်တွေဟာ သိပ္ပံနဲ့ မကိုက်ညီတာ ရှိတော့ရှိပါတယ်။ ဥပမာ ကမ္ဘာကြီးနဲ့ သက်ရှိအပေါင်းကို ခြောက်ရက်တည်းနဲ့ ဖန်ဆင်းတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် ဘာသာရေးအဖွဲ့အစည်းအတော်များများဟာတော့ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ တွေ့ရှိချက်တွေနဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီတွေနဲ့ ပတ်သက်လို့ မကိုက်ညီတာ ထိပ်တိုက်တွေ့နေတာမျိုး မရှိကြပါဘူး။ စင်စစ် ဘာသာရေးကိုင်းရှိုင်းသူ အများအပြားဟာ သဘာဝတရားဖြစ်စဉ်တွေကို ပိုနားလည်လာလို့ ပိုလို့တောင် ယုံကြည်မှုတိုးလာပါသေးတယ်။ ပြီးတော့ သိပ္ပံအသိုင်းအဝိုင်းထဲမှာလည်း ဘာသာရေးကိုင်းရှိုင်းတဲ့ ပညာရှင်တွေ ထောင်ချီရှိပါတယ်။ ဒီပညာရှင်တွေဟာ ဘာသာရေးလည်း ယုံသလို ဆင့်ကဲဖြစ်စဉ်ကိုလည်း လက်ခံပါတယ်။







အလွဲ ၁၄ ။ ‘ကျောင်းသားများကို ဖန်ဆင်းရှင်ဝါဒရော သိပ္ပံရော နှစ်မျိုးလုံး သင်ပေးသင့်တယ်။ ကျောင်းသာတွေ သဘောကျရာ လက်ခံကြပေါ့’


ဖန်ဆင်းရှင်ဝါဒဟာ အမျိုးမျိုးအထွေထွေ ရှိတဲ့အလျောက် တကယ်တော့ နှစ်မျိုးကိုပဲကို နှိုင်းယှဉ်သင်ပေးတာ မဟုတ်ပါ။ အမျိုးမျိုး နှိုင်းနေတာ ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအယူအဆတွေဟာ သိပ္ပံနည်းမကျတဲ့အတွက် သိပ္ပံစာသင်ခန်းနဲ့ မဆိုင်ပါဘူး။ သိပ္ပံစာသင်ခန်းမှာ သိပ္ပံနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေ လုပ်နိုင်ပါတယ်။ ငှက်တွေဟာ ဒိုင်နိုဆောတွေကနေ ဆင်းသက်လာသလား၊ ဒိုင်နိုဆောတွေနဲ့ တူညီတဲ့ ဘိုးဘေးမျိုးစိတ်တစ်ခုက ဆင်းသက်သလားဆိုတာမျိုး ဆွေးနွေးနိုင်တယ်။ ဒါပေမယ့် သိပ္ပံနည်းကျတဲ့ ဆင့်ကဲဖြစ်စဉ်နဲ့ ဘာသာရေးနည်းကျတဲ့ ဖန်ဆင်းရှင်ဝါဒကို နှိုင်းယှဉ် ငြင်းခုန်နေတာကတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ ဘာသာရေးသမားတွေကနေ သိပ္ပံသင်ရိုးတွေထဲကို သူတို့ အယူအဆတွေ သွတ်သွင်းဖို့ ကြိုးစားတာ သက်သက်ပါ။ 







အလွဲ ၁၅ ။ ဆင့်ကဲဖြစ်စဉ်ကိုယ်တိုင်ဟာ ဘာသာအယူအဆ တစ်ခုဖြစ်တယ်


ဆင့်ကဲဖြစ်စဉ်ဆိုတာ သိပ္ပံပါ။ ဆင့်ကဲဖြစ်စဉ်ဆိုတာဟာ သဘာဝလောကထဲက အထောက်အထားတွေ့ရှိချက်တွေပေါ်အခြေခံပြီး အဓိပ္ပာယ်ကောက်ယူ ပြီး သဘာဝဖြစ်စဉ်တွေကို ရှင်းပြဖို့ ကြိုးပမ်းတာပါ။ ဒါကြောင့် သိပ္ပံဆိုတာ ဘာသာရေး မဟုတ်ပါဘူး။ ဘာလို့ဆို ဘာသာရေးဆိုတာ သဘာဝလောကကို ကျော်လွန်တဲ့ (transcendental) ဖန်ဆင်းရှင်၊ တန်ခိုး၊ ဝိညာဉ်၊ လွတ်မြောက်မှု ဒါတွေနဲ့ ပတ်သက်ပါတယ်။ 








Reference : http://evolution.berkeley.edu/evosite/misconceps/index.shtml

(ကျော်စွာလင်း)


3 comments:

  1. အားလုံးရဲ့ source တစ်ခုပဲရှိပါတာပါကျော်ဇေယျာလင်းရေ..။ ဒီ source ကနေသက်ရှိတွေဖြစ်ထွန်းလာပြီး အခြေခံအကျဆုံးသက်ရှိကနေ အဆင့်မြင့်တယ်လို့ဆိုနိုင်တဲ့ ဒီနေ့လူသားသတ္တဝါအထိ အဆင့်ဆင့်ပြောင်းလဲလာတာဖြစ်ပါတယ်။ ဒီသီအိုရီဟာ အကြွင်းမဲ့မှန်ကန်တဲ့သီအိုရီသာဖြစ်ပါတယ်။

    တစ်ခုပြောချင်တာက ဗုဒ္ဓဘာသာမှာ လူသားဟာဗြဟ္မာကြီးလေးဦးကနေ ဆင်းသက်လာတယ်လို့မဆိုထားပါဘူး။ ဒါကြောင့်ဗုဒ္ဓဘာသာဟာသိပ္ပံနဲ့နီးစပ်တယ်လို့တော့ ဗုဒ္ဓဘာသာဝင်တွေကိုအထင်မလွဲစေချင်ဘူး။

    source ရဲ့သက်ရောက်မှုကြောင့် အနည်းငယ်သော မျိုးစိတ်တွေမှလွဲပြီးအားလုံးသော မျိုးစိတ်တွေမှာ တူညီသော characteristic တွေရှိနေတာပါ။ အဆင့်ဆင့်ပြောင်းလဲမှုဟာ ရပ်တန့်သွားတာမျိုးမရှိပါဘူး။ သက်ရှိတွေအပေါ်မှာဆက်လက်သက်ရောက်မှုရှိနေဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကတော့..

    ReplyDelete
  2. အွန် ကိုထွန်းကျော်လင်းကလည်း။ အခုပဲ အလွဲတစ်ခု လုပ်လိုက်ပြန်ပြီ။

    ((အားလုံးရဲ့ source တစ်ခုပဲရှိပါတာပါကျော်ဇေယျာလင်းရေ..။ ဒီ source ကနေသက်ရှိတွေဖြစ်ထွန်းလာပြီး အခြေခံအကျဆုံးသက်ရှိကနေ အဆင့်မြင့်တယ်လို့ဆိုနိုင်တဲ့ ဒီနေ့လူသားသတ္တဝါအထိ အဆင့်ဆင့်ပြောင်းလဲလာတာဖြစ်ပါတယ်။ ဒီသီအိုရီဟာ အကြွင်းမဲ့မှန်ကန်တဲ့သီအိုရီသာဖြစ်ပါတယ်။))

    [[အလွဲ ၂ ။ ‘ဆင့်ကဲဖြစ်စဉ် ဆိုတာ တိုးတက်ခြင်းလှေကားတစ်ခုကို တက်ရသလိုပါပဲ။ သက်ရှိတွေဟာ ဆင့်ကဲ တိုးတက်လာပါတယ်။’]]

    :D

    ReplyDelete